ငါမျက်ရည်ကျနေပါတယ်။ ဒါပေမယ့်ငါအားမငယ်ပါဘူး။

မိတ်ဆွေ အပေါင်းအသင်းတွေကြားမှာ ဘယ်လိုပွင့်နေပေမယ့် မိဘညီအစ်ကိုတွေကိုတော့ ရှက်သေးတာပဲလေနော်။ မယာတောင် တနယ်ခြားမှာ မို့ ဂါဝန် တကားကားနဲ့ လျောက်သွားရဲတာ။ အကယ်၍သာ ရန်ကုန်မှာဆို ရှင့်လိုပဲ ပုန်းနေရမှာလေနော်။

မယာ ညီမနဲ့ ဟိုတစ်နေ့က ဖုန်းပြောဖြစ်တယ်။ ဘာပြောလဲသိလား။ နင့်ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာတဲ့ အကောင်တစ်ကောင်နဲ့ ပလူးနေတာတွေတွေ့လို့တဲ့ မယာ တစ်ဝမ်းကွဲရဲ့ သူငယ်ချင်းတွေက တစ်ဝမ်းကွဲကိုပြောကြတယ်တဲ့။ မြင်လို့တောင်မကောင်းဘူးဆိုတာလဲ ပါသေးတယ်။ ဒါနဲ့ ကျမ တစ်ဝမ်းကွဲက သူ့ အမေ မယာ အဒေါ်ကို ပြန်ပြော အဲ့ဒီကမှတဆင့် မယာ အဒေါ်တွေက ညီမကို ပြန်ပြောကြတယ်။ နောက်ပြီး နင့်အမေမသိစေနဲ့နော်တဲ့။ ရယ်ချင်တယ်တော့။ သူတို့ကရှက်တယ်တဲ့။

မယာ ညီမကတော့ မယာဘက်က မားမားမတ်မတ်ရပ်တည်တဲ့သူပါ။ မယာကို အမြဲတမ်းအားပေးသူပါ။ သူ အမြဲတမ်းပြောလေ့ရှိတာ က နင်ဘာဖြစ်နေဖြစ်နေ နင်ဟာငါ့အစ်ကိုပဲ။ ငါ့ကို အခုလို ပြုစုပျိုးထောင်ပေးတာနင်ပဲ။ နင့်ကြောင့်သာမဟုတ်ရင် ငါအခုလိုပညာတတ်ဖြစ်မှာမဟုတ်ဘူး။ ငါတို့တွေ အပူအပင်ကင်းကင်းနေနိုင်အောင် နင်မားမားမတ်မတ်ရပ်ခဲ့တဲ့ နင့်သတ္ဆိကို ငါဘယ်တော့မှ မမေ့ဘူး။ မယာ မျက်တောင်မခပ်ဘဲ မျက်ရည်တွေ ရေလောင်းချလိုက်သလို ကျလာပါတယ်။

မယာ တစ်ခါ တစ်ခါတွေးမိပါတယ်။ မယာတို့ အသိုင်းအဝိုင်းမှာ အခြောက်ဖြစ်တယ်ဆိုရင် လူတွေက နှိမ်ချင်ကြတယ်။ မိသားစုဝင်တွေ အပါအဝင်ပေ့ါ။ မယာမိဘတွေဟာ မယာကို အရမ်းချစ်ကြပါတယ်။ ငယ်ငယ်ကတည်းက ဇ နဲ့ မိယာဟာ ကိုယ်ပိုင် ဒေါက်ဖိနပ်ကိုရအောင်ပူဇာပြီး တကွပ်ကွပ်စီးခဲ့တဲ့သူပါ။ အလုပ်ခွင်ထဲရောက်လာတော့လည်း ကိုယ့်ယုံကြည်ချက်ကို ကိုယ်ကိုင်စွဲ ပြီး ပတ်ဝန်းကျင်ကို အန်တုနိုင်ခဲ့ပါတယ်။

ဒါပေမယ့် အမေ နဲ့ ကိုယ့်မောင်နှမတွေ ပတ်ဝန်းကျင်ကို မျက်နှာ ဘယ်လိုပြမလဲလို့ စဉ်းစားလာမိတယ်။ ငါ့အမေလူကြားထဲမျာ ရှက်ရှာမှာပဲလို့တွေးမိပါတယ်။ တစ်ချိန်က ကိုယ့်ကို အမြဲတမ်းချီးကျူးခဲ့တဲ့ ဆရာမကြီးက နှမြောဖို့ကောင်းလိုက်တာတဲ့။ မေးပါရစေ။ ဘာကိုနှမြောတာလဲ။ အဖေလုပ်တဲ့သူကတော့ စစ်တပ်ကရာထူးကြီး ကျားယားပြီးတော့။ အမျိုးထဲမှာလည်း ဒီလို မရှိ။ သူမရှက်ဘူးလားမသိဘူးလို့ ပြောတဲ့ဆွေမျိုးတွေကိုမေးချင်တယ်။ ခြောက်တာ မျိုးရိုးလိုက်တာမှ မဟုတ်တာ။ ဘာကို ရှက်ရမှာလဲ။ လင်ငယ် မယားငယ်နေပြီး သားသမီးတွေကို စိတ်ဆင်းရဲအောင်လုပ်တဲ့သူတွေမှ မရှက်ရင် ကျူပ်က ရှက်ရမှာလား။

ကိုယ်တွေရဲ့မိဘ မောင်ဖွား တွေဟာကိုယ့်ကို နားလည်သည်ထားဦးတော့။ ပတ်ဝန်းကျင်ရဲ့ ဖိအားတွေကြောင့်သူတို့မှာ ကိုယ့်ထက် မလျော့တဲ့ခံစားချက်တွေ ရင်ထဲပြည့်နေမှာပဲ။

ဘယ်လောက်ပဲနားလည်တဲ့ပတ်ဝန်းကျင် အလုပ်ဌာနဖြစ်ပါစေ၊ ခြောက်နေလို့ ရသင့်တဲ့ အလုပ်အကိုင်ရာထူး တွေကို လက်လွတ်ရတာ အကြိမ်ကြိမ်ပါ။ ကိုယ်တွေ့ပါ။ ယဉ်ယဉ်ကျေးကျေး ငြင်းတာနဲ့ ရိုင်းပျစွာပြောဆိုတာတွေ ပဲကွာပါတယ်။ ရလာဒ်ကတော့ ငြင်းပယ်ခံရတာပါပဲ။ ခံစားချက်တွေရင်မှာ ပြည့်နေပါတယ်။

အခြောက်ဆိုရင်တွေ့ကရာ ယောက်ျားနဲ့ ပါမှာပဲ။ ငါပျော်ချင်ရင် ရပါတယ်ကွာဆိုတဲ့ သူတွေကိုလည်း ဖြတ်ကျော်လာခဲ့ပါတယ်။ နင်ခြောက်နေတာကို နားလည်ပါတယ်လို့ ပြောပြီး နောက်ကွယ်မှာ ဟားတိုက်ရယ်တတ်တဲ့သူတွေကိုလည်း ဖြတ်ကျော်လာခဲ့ပြီးပါပြီ။ ခံစားချက်တွေရင်မှာ ပြည့်နေပါတယ်။

ကိုယ်တွေရဲ့ဖြစ်တည်လာတဲ့ဘဝကို လက်မခံ အထင်သေးတဲ့ ပတ်ဝန်းကျင်ကြောင့် ကိုယ်ဘာလဲ ဝန်မခံရဲ၊ ကိုယ်ချစ်တဲ့သူကို လက်မတွဲရဲဘဲ ပတ်ဝန်းကျင်ရဲ့အလိုကျ ကိုယ့်ဘဝကို အရှုံးပေးနှစ်သိမ့်လိုက်တဲ့သူတွေကိုလည်း မြင်ဖူး ပြီးရင်ထဲမှာ နာကျင်စွာခံစားရပါတယ်။ သူတို့တွေရဲ့ရင်ထဲမှာလည်း ခံစားချက်တွေပြည့်နေမှာပါပဲ။

မယာ လက်သည်းကြားထဲ အပ်စိုက်ပြီးတူနဲ့ထုတာ ခံနိုင်တဲ့သတ္တိမရှိပေမယ့် ကိုယ်ကဘာ ကိုယ့်ရဲ့ယုံကြည်ချက်အတိုင်း ဘဝကို လျောက်လှမ်းရဲတဲ့သတ္တိ ရှိနိုင်အောင်တော့ကြိုးစားခဲ့ပါတယ်။

အခြောက်တွေလို့ အများက သမုတ်နေကြတဲ့ သူတွေဟာ လူတွေပါပဲ။ ချစ်တတ်တဲ့လူတွေပါ။ လေးစားတတ်တဲ့သူတွေပါ။ ကူညီတတ်တဲ့သူတွေပါ။ ဒီတော့ လူတွေလိုပဲ အချစ်ခံချင်ပါတယ်။ လူတွေရဲ့လေးစားတာခံချင်ပါတယ်။ လူတွေရဲ့အကူအညီကိုလိုအပ်တဲ့အခါယူရပါတယ်။

ဒါ့ကြောင့်ကိုယ်နဲ့ဘဝတူတဲ့သူတွေအားလုံးကို မျက်ရည်တွေကြားက အားပေးချင်ပါတယ်။ ကိုယ့်ဘဝကိုယ် ဘာပါလို့ ရဲရဲ မရပ်တည်ရဲသေးရင်တောင်မှ စိတ်ဓါတ်မကျပါနဲ့။ ကိုယ်တစ်ယောက်တည်းမဟုတ်ပါဘူး။ ရပ်တည်ရဲတဲ့သူတွေရှိသလို ရှက်ကြောက်နေတဲ့သူတွေလည်းရှိပါတယ်။ ကိုယ့်ဘဝကိုယ် မရပ်တည်ရဲလို့ မျက်ရည်ကျနေတဲ့သူတွေရှိသလို ကိုယ့်ဘဝကိုယ်ရပ်တည်ရဲပေမယ့် ကြုံလာရတဲ့ ပတ်ဝန်းကျင်ရဲ့ အတုံ့အလှည့်တွေကြားမှာ တိတ်တခိုး မျက်ရည်ကျနေကြသူတွေရှိနေဆဲပါ။

ဒါပေမယ့် တစ်ယောက်တည်းအားငယ်စရာမလိုပါဘူး။ ငိုနေရတာဟာ သတ္တိမရှိလို့ မဟုတ်ပါဘူး။ ရင်ဆိုင်ဖို့ အားပြန်မွေးနေတာပါ။

ချစ်သော မယာ

Comments

ခံစားချက်တွေနဲ့ပါလား မမယာ

အားပေးနေပါတယ်
Anonymous said…
It touches me a lot Dear!!! Just feel like I was in there! Sorry for my parents, how they feel if someone comment badly to them concerning this issue.
Luckily, I dont have a brother, only cousins, however, they may shy to let others know I am one of their relatives.
Loosing face in the family and Feeling Guilty (Being Black Sheep ),cannot be avoided. That is true for me definitely!
Still I am believing I do not do wrong. Trying to maximise my energy to combat those obstacles.
People force me to go away from them, and especially, I do not want to effect my profession.
Step backward one or two is not giving up or leading astray: maximising my strength and energy in order to move forward and facilitate my scope of Professional Horizon. Perhaps, I could have the best one to love one day.... Who knows !!!
Diamond
Snow said…
ရေးထားတာလေး ကောင်းတယ် ကိုကို။ စာတွေ နည်းနည်းကျပ်နေတာလေး တစ်ချက်လောက်ပြင်ပေးရင် ဖတ်ရ ပိုအဆင်ပြေလောက်မယ်။
Unknown said…
ပြင်ပေးမယ်စနိုး။ အခုတော့ သည်းခံဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်။
Myo Than Kywe said…
မယာ အရမ်းဖတ်လို့ကောင်းပါတယ်။ ကိုယ်တိုင်လက်တွေ့မကြုံတွေ့ရသေးပေမယ့်ခံစားကြည့်လို့ရပါတယ်။ အားပေးနေမယ်နော်..
Unknown said…
ကျေးဇူးနော် ကိုမျိုး
mca said…
It was touching. You know that I am in the same page with you Dave and will keep supporting you. Thank you for sharing and want to receive more in future. Ama
Anonymous said…
ဘ၀ကိုမျက်ရည်နဲ့ဖြတ်လျောက်ခဲ့တာပေါ့.....အားတင်းထားပါတနေ့ကျရင်သူတို့တတွေမင်းကိုနားလည်လာပါမယ်...
Unknown said…
Thank you so much for reading and understanding me.
Anonymous said…
ကိုယ်လိုလူတွေအများကြီးပါလားလို့ အားတက်မိတယ်

တခါတလေ ပုန်းနေရတဲ့ဘဝကို စိတ်ကုန်လို့ သတ်သေချင်မိတယ်

အခုထိလဲ ဝမ်းနည်းမိတယ်

သံသရာ အဆက်ဆက်ဒီလိုဘဝ မရောက်အောင်ဆုတောင်းမိပါတယ်
Anonymous said…
သဗ္ဗေသတ္တာ ကမ္မ သကာ တဲ့ဗျ ။ အားလုံးက

အတိတ်က ကံစီမံတဲ့အတိုင်းဖြစ်လာကြတာပါ ။

ဘာကိုမှ စိုးရိမ်ပူပန်ကြောင့်ကြမှုဖြစ်မနေပါနဲ့  ။

ယခင်က မကောင်းခဲ့လို့  ယခုမကောင်းကြရတာပါ။

ယခုကောင်းအောင်နေရင် နောင်အခါ

ကောင်းလာမှာပါ ။
Rita said…
E လိုတွေ ကျော်ပြီး၊ ဗမာလိုတွေပဲ ရွေးဖတ်နေတယ်။ :V

Popular posts from this blog

Surrender a greatest passion

Forgetting somebody