၂၀၁၅ ခုနှစ်ကို ခံစားကြည့်ခြင်း
၂၀၁၅ ခုနှစ်ဟာ ကျမအတွက် အပြောင်းအလဲအများကြီးကို ဖြစ်ပေါ်စေခဲ့ပါတယ်။
၂၀၁၅ ခုနှစ်မှာ တစ်ချိန်က ကျမ စိတ်ထဲ တုန်လှုပ် ကြောက်ရွံ့ခဲ့တဲ့ အရာတော်တော်များများကိုကျော်လွှားနိုင်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် ဧပြီလက စပြီး အပွင့်ပုံစံတွေ တို့ကနန်း ဆိတ်ကနန်း စတင်ဝတ်ခဲ့ရာက ၂၀၁၅ ခုနှစ်မှာ လုံးဝ အပွင့်ဖက်ရှင်တွေပဲ ဝတ်လိုက်ပါတော့တယ်။ Transvestite ကနေ နှစ်နှစ်ပြည့်ရင်တော့ Transgender ဖြစ်ပြီး WHO ICD ရဲ့ စိတ်ပိုင်းဆိုင်ရာလိုအပ်မှု ရှိတဲ့သူ လို့ သတ်မှတ်ခံရတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် Transgender ဆိုတာကတော့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ရှိတဲ့သူတွေ မဟုတ်တာ လူတိုင်းသိကြပါတယ်။ ကျမ အပွင့်ပုံစံဝတ်နေတော့ တရက် အရင်တာဝန်ထမ်းဆောင်ခဲ့တဲ့ရုံးမှာ ကာကွယ်ရေးက အစည်းအဝေးလာတဲ့ အဖွဲ့က ကြောင်ပြီး ကျမကို ကြည့်နေကြပါတယ်။ နောက်တော့ ကကတမ်းက ဗိုလ်မှူးကြီး တစ်ယောက်က ပြုံးပြီး လေဒီ ဒိုင်ယာနာကို နှုတ်ဆက်ကြပါဦးလို့ ပြောပြီး ကြောင်ကြည့်နေတဲ့အဖွဲ့ကို အသက်ဝင်စေခဲ့ပါတယ်။
၂၀၁၅ ခုနှစ်မှာ ကျမရဲ့ ငုပ်လျိုးနေတဲ့ အလားအလာတွေကို ကျမရှာဖွေတွေ့ရှိခဲ့ရပြန်တယ်။ များသောအားဖြင့် ရူးပေါပေါနေတတ်တဲ့ ကျမအတွက် တည်တည်တံ့တံ့နဲ့ လူကြီး တစ်ယောက်အဖြစ် နေထိုင်တတ်လာပါတယ်။
၂၀၁၅ ခုနှစ်မှာ ကျမတို့နိုင်ငံရဲ့ သမိုင်းဝင်ဖြစ်တဲ့ ရွေးကောက်ပွဲကြီးအတွက် တစ်တပ်တစ်အား ပါဝင်ခွင့်ရခဲ့ပါတယ်။ အဲ့ဒီအတွက် ဘုရားရှင်ကို ကျမ ကျေးဇူးတင်ပါတယ်။ ဘုရားပြင်ဆင်ပေးတဲ့ အတိုင်း ကျမရဲ့ အပွင့်ပုံစံနဲ့ ဘုန်းတော်ကိုထင်ရှားစေခဲ့ပါတယ်။ ဘုရားသခင်ရဲ့ ချီးမြှောက်မှုကြောင့်လည်း ကျမနှင့်အတူ အလုပ်လုပ်ရသော လုပ်ဖော်ကိုင်ဖက်များ အစိုးရမင်းများကလည်း ကျမကို ချစ်ခင်လေးစားခြင်းခံခဲ့ရပါတယ်။ ကျမကို ချစ်ခင်လေးစားတဲ့ သူများကိုလည်း ကျမလေးစားစွာ ကျေးဇူးတင်ရှိပါတယ်။
၂၀၁၅ ခုနှစ်မှာ အပွင့်မတွေ ယောက်ျားပြန်ဖြစ် ဘာသာတရား ကိုင်းရှိုင်းပြီး ပယ်ပယ်နယ်နယ် ပြောင်းလဲခြင်းတွေကိုလဲ (ကြောင်ဘယ်လောက်ကြာအောင်ရေငုတ်နိုင်မလဲ ဆိုတဲ့အတွေးတွေနဲ့) တွေ့ဆုံကြုံခွင့်တွေရခဲ့ပါတယ်။
၂၀၁၅ ခုနှစ်မှာ ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ ကျမရဲ့မိခင်ကြီး ခေါ်တော်မူခြင်းခံရပါတယ်။ ကျမမိခင်ကြီးရဲ့ ခရစ်ယာန် အသက်တာဟာ ကျမကို သင်ခန်းစာ ဝိညာဉ်ခွန်အားတွေ အများကြီးပေးခဲ့ပါတယ်။ ကျမရဲ့ဘဝ အသက်တာကို ပတ်ဝန်းကျင်ရဲ့ ဖိအား ဘာသာရေးအယူအဆ အဆုံးအမ ကန့်သတ်ချက်တွေကြောင့်ရာခိုင်နှုန်းပြည့် လက်ခံလိုစိတ်မရှိပေမယ့် ပုံမှန်မဟုတ်တဲ့ ဘဝအသက်တာလို့ သူရော အများစုက လက်ခံထားကြတဲ့ အသက်တာက ပုံမှန်ထက်ပိုတဲ့ ချစ်ခြင်းမေတ္တာကို သူနားလည်လက်ခံသွားပါတယ်။
အချုပ်ပြောရရင် ၂၀၁၅ ခုနှစ်မှာ ကျမ ဘုရားသခင်နဲ့ ပြန်လည်ပြီး ပိုမို နီးစပ်ခဲ့ပါတယ်။ ဘုရားကျောင်းသွားသလားဆိုတော့ မဟုတ်ပါဘူး။ ကျမ ၂၀၁၅ ခုနှစ်မှာ ဧမာနွေလ ကို ၁ ခေါက်နဲ့ နှစ်ဆုံး လွန်ခဲ့တဲ့သုံးလေးရက်က ပကူး အင်္ဂလိပ်ဘာသာ ဝတ်ပြုခြင်း အစီအစဉ်ကို ၁ခေါက် ပေါင်း ၂ ခေါက်ပဲ ရောက်ခဲ့ပါတယ်။ အော် နောက်တစ်ခေါက်ကတော့ မိခင်ကြီးရဲ့ ရုပ်ကလပ်ကို မြေမချခင် တြိနတီဘုရားရှိခိုးကျောင်းကို ပို့ဆောင်စဉ်ကတစ်ခေါက်ပေါ့။ နောက် ကျမဟာ ဘုရားသခင်ရဲ့ Limited Creation တစ်ခုဖြစ်တယ်ဆိုတာကိုလည်း ကျမကိုယ်ကျမ နားလည်သဘောပေါက်လက်ခံလာခဲ့ပါတယ်။
Yaya (pour toi) | 31 Dec 2015 @ 2310 | Kempinski Nay Pyi Taw | Dekkhina Thiri | Nay Pyi Taw | Myanmar
Comments
Post a Comment