Our definition of love

ကျမ နာရီကြည့်မိတော့ မနက် နှစ်နာရီထိုးခါနီးလေး

ကျမ အမျိုးသားကျမကိ အမှီလိုက်နေတဲ့ ပေါက်စီပူတူတူးကတော့ တခေါခေါနဲ့ အိပ်နေပြီလေ။ ကျမအမျိုးသား ဒီရက်ပိုင်း အလုပ်များပါတယ်။ မနက်ဆို အရင်က အေးအေးဆေးဆေးမှ အိပ်ရာထတဲ့ ပူတူတူး အခုဆို မနက် ၆း၃၀ အိပ်ရာထတယ်။ မနက်စာအတွက် သမီးတော်ကျင်ကျင်နဲ့ ပြင်ဆင်၊ အလုပ်သွားဖို့ ပြင်ဆင် ရေမိုးချိုးပြီး ကျမကို ပုံစံအမျိုးမျိုးနဲ့စပြီး နှိုးလေ့ရှိပါတယ်။ ကျမကတော့ အခုလို ညနက်မှ အိပ်တော့ မနက်ဆို အခုနောက်ပိုင်း ၈ နာရီလောက်မှပဲ ထဖြစ်တော့တယ်။ ညနေဘက်ဆိုလဲ အလုပ်ကပြန်လာရင်နောက်ကျတယ်။ ဒါပေမယ့် သူပျော်နေတာ မြင်တော့ ကျမရင်ထဲလည်း ပျော်မိပါတယ်။

ကျမ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကာလတွေဆီကို သွားသတိရပါတယ်။ အဲ့ဒီအချိန် ပူတူတူးလေး ကျောက်ကပ်ရောဂါကြောင့် ခါးတွေနာပြီး တစ်ကိုယ်လုံးဖောရောင်နေတဲ့ကာလပါ။ ဒါပေမယ့် ကျမ သူ့အနားမှာ မနေနိုင်ပါဘူး။ တနင်္လာနေ့မနက် ၅ နာရီ ဆို နေပြည်တော်လေယာဉ်သွားတိုးစီးပြီး သောကြာညနေ ၈ ခွဲလောက်မှ ကျမပြန်လာတတ်တာ ရွေးကောက်ပွဲကြီးပြီးလို့ ၂၀၁၆ ခုနှစ် ၄ လပိုင်းအကုန်လောက်အထိပါပဲ။ ကျမ သူ့ကို မကြည့်နိုင်ဆေးခန်းလည်း မပို့နိုင် Creatinine တွေ Ablumin တွေ ဘယ်လောက်ရှိလဲ မသိ၊ သူဘာဆေးသောက်လို့ ဘယ်လိုနေမှန်းတောင် ကျမ သတိမထားမိလောက်အောင်ကို ကျမ အလုပ်ထဲမှာနစ်မွန်းခဲ့ပါတယ်။ ၁၁ လပိုင်းမှာတော့ ပူတူတူးလေး နေပြည်တော် အထိလိုက်လာပြီး ကျမတို့က ညဖက်တွေ အသီးတွေလှီးပေး၊ လက်ဖက်တွေသုပ်၊ ထမင်းတွေသုပ်နဲ့ ထောင်နဲ့ တူတဲ့ ဟိုတယ်ကြီး (ကင်ပင်စကီ က ဝန်ထမ်းတွေတော့ ကျမကို စိတ်ဆိုးတော့မှာပဲ) ထဲမှာ ကျမတို့ အလုပ်လုပ်ရင်းပျော်ခဲ့ကြရပါတယ်။

ကျောက်ကပ်ရောင် သက်သာလာပြန်တော့ ကျမ အမေ နေမကောင်းဖြစ်တာကို ပူတူတူးသွားကြည့်ရပြန်ပါတယ်။ ၂၀၁၅ ခုနှစ် ၁၂ လပိုင်းအကုန်လောက်မှာ ကျမအမေမဆုံးခင်မှာ သူ့ကို ပြုစုလိုက်တာဟာ ကျမမဟုတ်ပါဘူး။ ကျမ အမျိုးသားပါ။ အဲ့ဒီအတွက်လဲ ကျမ သူ့ကို ကျေးဇူးတင်ပါတယ်။ ကျမ အမေဟာ ကျမကို ဘယ်တုန်းကမှ စိတ်မချပေမယ့် အခုတော့ စိတ်ချသွားတယ်ထင်ပါရဲ့။ ကျမကို ထားသွားခဲ့တယ်။ သူများတွေ အမေနေ့မှာ ကျမခေါ်စရာ အမေမရှိပါဘူး။ သူများတွေ အဖေနေ့မှာလည်း ကျမမှာ ခေါ်စရာ အဖေမရှိပါဘူး။ ဒါပေမယ့် ကျမမှာ သူတို့ရဲ့ ဆုံးမစကားတွေ ကျန်ပါတယ်။ သူတို့ရဲ့ ဘုရားကိုချစ်သော အသက်တာ၊ ဆုတောင်းသော အသက်တာ၊ မှန်ကန်ဖြောင့်မတ်စွာနေထိုင်သော အသက်တာ၊ အဲ့ဒီအသက်တာတွေကို ထင်ဟပ်ဖို့ ကျမမှာ လုပ်စရာတွေကျန်ပါတယ်။ ကျမ မျက်ရည်ပဲကျနေလို့ မပြီးပါဘူး။

ပူတူတူးလေးပင်ပန်းတယ်။ သူပင်ပန်းတဲ့ အသီးအပွင့်ကို သူခံစားရတော့ ကျမလဲ သူ့ရဲ့ပီတိကိုခံစားရတယ်။ သူကျမအတွက် ပင်ပန်းတဲ့ကြားက အချိန်ပေးတယ်။ ကျမကတော့ အားမလိုလိုနဲ့ အလုပ်တွေ ပြန်များလာပြန်ပါတယ်။ ညဘက်ကို ကျမ အိပ်မရတော့ တခေါခေါနဲ့ အိပ်ပျော်နေတဲ့ သူ့အနားမှာ "ပူတူတူး မကို ချစ်လား" လို့မေးရင် အိပ်နေတာလား ဘာလားတော့မသိ အသံ ကြီးဆွဲပြီး အင်အင်ဆို ပြန်ဖြေတတ်ပါတယ်။ မနက်ဆို အလုပ်မသွားခင် ကျမနဖူးကို အမြဲနမ်းတဲ့သူ့ကို ကျမချစ်တယ် (မယားကို မနမ်းဘဲ အလုပ်သွားရင် လစာမတိုးဘူးလို့တော့ ပြောထားဘူးတယ်) ။

ပူတူတူးကို ကျမချစ်တယ်။ ကျမတို့ရဲ့ ချစ်ခြင်းနဲ့ နားလည်မှု၊ အပြုအမူတွေဟာ အများအတွက် အများနဲ့ တူချင်မှ တူမှာပါ။ ဒါပေမယ့်လည်း ကျမတို့ နှစ်ယောက်တည်းရဲ့ လောကကြီးအတွက်ကတော့ အမြဲ အဓိပ္ပါယ်ရှိနေပါတယ်လေ။

Comments

Popular posts from this blog

ငါမျက်ရည်ကျနေပါတယ်။ ဒါပေမယ့်ငါအားမငယ်ပါဘူး။

Surrender a greatest passion

Forgetting somebody