၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများအတွက်မေးခွန်းများ
ကျမကတော့ ရုတ်တရက်အလစ်ဝင်မေးတာတွေမကြိုက်ပါဘူး။ အလားတူပဲ နိုင်ငံရေးသမားများလည်းပြင်ဆင်ထားရခြင်းမရှိဘဲအမေးခံရတာမျိုးကို သိပ်နှစ်မြို့မယ်တော့မထင်ဘူး။ ကျမလဲ CB ထဲမှာ အောင်နိုင်ရေးအတွက် မတ်စေ့တွေဝင်လာပါပြီ။ အဲ့ဒီအတွက် ကျမကလည်းကိုယ်စားလှယ်တော်လောင်းကြီးများအတွက် မေးခွန်းတွေကြိုတင်စဥ်းစားလို့ရအောင်ပေးထားချင်ပါတယ်။ အဖြေကိုလည်းတိုတိုနဲ့လိုရင်းလေးတိုက်ရိုက်ဖြေပေးပါ။ ဝေ့လည်ကြောင်ပတ်နဲ့ ဘာအဓိပ္ပါယ်မှမရှိတဲ့မေးခွန်းတွေဆိုရင် ကိုယ်စားလှယ်တော်လောင်းကြီးများကိုရုပ်ပေါက်စေပါလိမ့်မယ်။
- အလုံးစုံပါဝင်ခြင်း၊ ကွဲပြားစုံလင်မှုရှိခြင်း၊ ညီမျှမှုရှိခြင်းနှင့် သာတူညီမျှရှိခြင်းအကြောင်းအရာများကို မည်သို့သောအမြင်များရှိပါသနည်း။
- ကျားဖြစ်ခြင်း မဖြစ်ခြင်း အစရှိသည်မည်သည့်ဖြစ်တည်ခြင်းမျိုးမဆိုသောအကြောင်းအရာများ (gender) ကိုမည်သို့နားလည်ပါသနည်း။
- ကုလသမဂ္ဂလူ့အခွင့်အရေးကြေညာစာတမ်းကိုဖတ်ဖူးပါသလား။ မည်သို့နားလည်ပါသနည်း။
- မိမိကိုယ်စားပြုနေရသောပြည်သူလူထုက မှန်ကန်နေသည်ကိုသိရှိပါက မိမိပါတီလူကြီးများ၏ရေရာမှုမရှိသော ဆင်ခြေများနှင့် အခြားအကျိုးစီးပွားများကို ကျော်လွန်ပြီး မိမိကိုယ်စားပြုသောပြည်သူများ၏မျက်နှာကို ကြည့်ပါမည်လား။
- ဒီမိုကရေစီနှင့် ဖယ်ဒရယ်မူဝါဒဖော်ဆောင်သည့်နိုင်ငံအဖြစ်သို့ရောက်ရှိရေးအတွက် လိုအပ်သည် ဥပဒေပြုပြင်ပြောင်းလဲမှုများ တနည်းအားဖြင့် လူ့အခွင့်အရေးစံချိန်စံညွှန်းများနှင့်ကိုက်ညီမှုမရှိသည့် တည်ဆဲဥပဒေများကို ပြင်ဆင်နိုင်ရန် စိတ်ပါဝင်စားစွာဆောင်ရွက်နိုင်ပါမည်လား။
- ၁၈၆၁ ရာဇသတ်ကြီးပါ ပုဒ်မ ၁၀၊ ၃၁၂ ခ၊ ဂ၊ ဃ၊ ၃၇၅၊ ၃၇၇ အစရှိသည့်ပုဒ်မများအပြင် လူ့အခွင့်အရေး မျက်မှောက်ခေတ်နှင့် ကိုက်ညီမှုမရှိတော့သည့် ဥပဒေပြဌာန်းချက်များကို ကိုယ်စားလှယ်အဖြစ်အရွေးခံရသည့် ကာလအစောပိုင်းတွင် ဆွေးနွေးပြောဆိုရန် အစီအစဥ်ရှိပါသလား။
- တရားစွဲဆိုရေးအရာရှိများ၊ တရားသူကြီးများအပါအဝင် တရားဥပဒေသက်ရောက်မှုရှိစေရန်ဆောင်ရွက်နေသည့်အဖွဲ့အစည်းများနှင့် အတူ နီးကပ်စွာဆောင်ရွက်ခြင်းအားဖြင့် တရားဥပဒေစိုးမိုးမှုရှိစေရန် ဆောင်ရွက်ပါမည်လား။
- မြန်မာနိုင်သည်သည် ICESCR အပြည်ပြည်ဆိုင်ရာ စီးပွားရေး၊ လူမှုရေးနှင့် ယဥ်ကျေးမှုဆိုင်ရာ ပဋိညာဥ် ကို ၂၀၁၇ အောက်တိုဘာလတွင် အတည်ပြုလက်မှတ်ရေးထိုးပြီးဖြစ်သည့်အလျောက် ၎င်းအားအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် (ပြည်တွင်းဥပဒေများကို အပြည်ပြည်ဆိုင်ရာစာချုပ်ပါပြဌာန်းချက်များနှင့်ကိုက်ညီမှုရှိရန်ပြင်ဆင်ခြင်း) အထူးသဖြင့် တိုင်းရင်းသားလူမျိုးများ၏ စာပေနှင့် ယဥ်ကျေးမှုများကို ထိန်းသိမ်း ကျင်းပခြင်းများ၊ မည်သည့် ဝိသေသလက္ခဏာရှိသူမဆို တူညီသော ပညာရေးနှင့် စီးပွားရေးအခွင့်အလမ်းများ ရရှိအောင် ဆောင်ရွက်ပါမည်လား။
- အချို့သောလက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းများနှင့် တိုင်းရင်းသားလူမျိုးစုများသည် အသိအမှတ်ပြုခံရခြင်းမရှိဘဲ မတရားအသင်းအဖွဲ့ဥပဒေတွင် ငြိစွန်းခြင်းခံနေရသည်။ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးဖော်ဆောင်ရန်အတွက် အဓိပ္ပါယ်ရှိပြီး အားလုံးပါဝင်သော နိုင်ငံရေးစကားဝိုင်းများဖြစ်ပေါ်လာစေရန် ကိုယ်စားလှယ်တစ်ဦးအနေဖြင့် မည်သို့ပြုလုပ်ပြီး မည်သည့်အခန်းကက္ဍတွင် ပါဝင်သွားမည်နည်း။
Comments
Post a Comment