ကျမတို့ ကလေးမယူသေးတာ ဘာဖြစ်လို့လဲဆိုတော့

ဟုတ်ကဲ့။ ကျမတို့ လင်မယားက LGBT Couple ပေါ့။ LGBT လင်မယားပေါ့။ အဲ့ဒီတော့ တော်တော်များများက ကလေးမယူဘူးလားတဲ့။ မွေးမရလည်း မွေးစားပေါ့တဲ့။
ကျမပြန်ဖြေပါ့မယ်။ ပုံမှန်အားဖြင့်တော့ လူပြိန်းနားလည်အောင် ကျမ ကလေးမချစ်တတ်ဘူးလို့ ဖြေပါတယ်။ ဒါပေမယ့် ပညာတတ်ပါလျက်နဲ့ အရမ်းကို သူများကိုယ်ရေးကိုယ်တာစွက်ဖက်ချင် နောက် သူများကို ကျဉ်းထဲကြပ်ထဲရောက်အောင် မေးခွန်းတွေမေးမေးနေတဲ့ သူတွေဖတ်ဖို့ ကျမ အခုဖြေပါ့မယ်။
ကျမဟာ လူသားတစ်ယောက်ဖြစ်ပါတယ်။ ကျမအမျိုးသားသည်လည်းပဲ လူသားတစ်ယောက်ဖြစ်ပါတယ်။ လူသားတစ်ယောက်ဖြစ်တဲ့အတွက် တခြားလူသားတွေလိုပဲ ကျမတို့လည်း မိသားစု အသိုက်အမြုံလေးလိုချင်ပါတယ်။ သားတစ်ရာ မြေးတစ်ဖြာနဲ့ နေချင်ပါတယ်။
သို့သော် ကျမတို့သည် LGBT လင်မယားဖြစ်တဲ့အတွက် နည်းပညာသော်လည်းကောင်း တခြားဖြစ်နိုင်တဲ့ နည်းလမ်းတစ်ခုခုကသော်လည်းကောင်း အကူအညီမယူရင် သဘာဝနည်းနဲ့ ကျမတို့ ကလေးမရနိုင်ပါဘူး။ ဒါဆိုလဲ မွေးစားပေါ့တဲ့။ မှန်ပါတယ်။ မွေးစားလို့ရပါတယ်။ မခက်ခဲပါဘူး။ ငွေရေးကြေးရေးအရလည်းတတ်နိုင်ပါတယ်။
ဒါပေမယ့် ကလေးတစ်ယောက်မွေးတာဟာ ခွေးတစ်ကောင်မွေးသလို ၂ လနဲ့ နို့ပြတ်ပြီး သူ့ဟာသူ တောက်တောက်တောက် မလျောက်နိုင်ပါဘူး။ ဒါကို ကလေးကို လူလိုသူလို ဖွံ့ဖြိုးတိုးတက်အောင် မွေးဖူးတဲ့ မိဘတိုင်းနားလည်ပါတယ်။ ကလေးကို မွေး မိဘတွေကို ကြည့်ဖို့ပေးပြီး တခြားဟာတွေလုပ်နေတဲ့သူတွေကတော့ အပြည့်အဝနားလည်ချင်မှ နားလည်မှာပါ။
ကျမ ကုလသမဂ္ဂအဖွဲ့အစည်းနှစ်ခုမှာ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး ကလေးသူငယ်၏ အကောင်းဆုံး အကျိုးစီးပွား စတဲ့ အလုပ်တွေကို လေးနှစ်ထက်မနည်း လုပ်ခဲ့ဖူးပါတယ်။ ဒါ့အပြင် ECCD Early Childhood Care and Development ကိုလည်း လေ့လာသင်ယူခဲ့ဖူးပါတယ်။ ဒါဆိုဘာဖြစ်လို့လဲ။ ကျမ တတ်သိနားလည်တဲ့အတွက် ကျမကလေးမယူ/မမွေးစားတာဖြစ်ပါတယ်။ ဒါဆို ယူတဲ့သူတွေကကော ပညာမတတ် နားမလည်လို့လားဆိုတဲ့ ခပ်ညစ်ညစ်မေးခွန်းတွေလာမယ်ဆိုတာ ကျမသိပါတယ်။ ဟုတ်ကဲ့ တစ်ဦးချင်းစီရဲ့ ခံယူချက်နဲ့ ဆိုင်ပါတယ်။ ကျမကတော့ ကျမ အခြေအနေနဲ့ ကလေးယူတယ်ဆိုရင် တစ်ကိုယ်ကောင်းဆန်ရာ ကျတယ်လို့ ယူဆလို့ မယူတာဖြစ်ပါတယ်။
ကျမတို့ နိုင်ငံမှာ LGBT အတူနေသူတွေ တရားဝင်လက်ထပ်ခွင့်မရသေးပါဘူး။ သူတို့တွေရဲ့အခွင့်အရေးကို ကာကွယ်တဲ့ ဥပဒေမရှိသေးပါဘူး။ နိုင်ငံသားချင်းတူတာတောင်မှ တန်းတူအခွင့်အရေးမရသေးပါဘူး။ ဒီတော့ ဒီလိုအခြေအနေမှာ ကျမကလေးမွေးစားထားမယ်ဆိုရင် ကျမကလေး ကျောင်းသွားတဲ့အခါ ကျမတို့ လင်မယားက မွေးထားတာပါဆိုပြီး ကျောင်းက ဆရာဆရာမ ကျောင်းသား မိဘ အစရှိသောသူများက သားသမီးချင်းစာနာဖို့ သင်ကြားသင်ယူလေ့လာခဲ့ကြသော်လည်းပဲ အားမနာပ မဲ့ကာရွဲ့ကာ ပြောဆိုကြပါလိမ့်မယ်။ အဲ့ဒီအခါမှာ တန်းတူဆက်ဆံခွင့်ရဖို့ ဒီလို မထေမဲ့မြင် လူသားမဆန်တာမျိုးကနေ အကာအကွယ်ပေးဖို့ ကျမတို့ ဆီမှာ ခွဲခြားဆက်ဆံမှုတားဆီးရေး ဥပဒေမရှိပါဘူး။
ဒါဆိုကျမကလေးဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာတွေရပါလိမ့်မယ်။ ပတ်ဝန်းကျင်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုဆိုတာ ရှိတော့မှာ မဟုတ်သလို၊ သူ့ကိုမွေးစားတဲ့ ကျမတို့ကို မိဘအရာမြင်ရမယ့်အစား ရွံစရာတွေလို့ မြင်လာတဲ့ အခါ ဘာသာရေးအယူအဆနဲ့ ကြည့်မယ်ဆို ရတနာသုံးပါးထဲက တစ်ပါးကို ကံတစ်မျိုးမျိုးနဲ့ စော်ကားမိပြီဖြစ်တဲ့အတွက် ကံကြီးထိုက်ဖို့ ဖြစ်နေပါပြီ။ ဒါတင်မကသေးဘူး အမျိုးမျိုးသော ကဲ့ရဲ့ရှုံ့ချမှုတွေကြားမှာ ပြောင်မြောက်လာဖို့ဆိုတာ ခဲယဉ်းပါတယ်။ လောကဓံကို ခံနိုင်တဲ့သူတွေရှိသားပဲကွာဆိုပြီး အလွယ်ပြောတဲ့သူတွေရှိပါတယ်။ မှန်ပါတယ်။ ရွေးချယ်စရာမှ မရှိတာ ခံရတာပေါ့။
ဒီတော့ ကလေးတစ်ယောက်ရဲ့ ဘဝတစ်လျောက်လုံး အကောင်းဆုံး အကျိုးစီးပွားကို ကြည့်ပြီး ကျမက ကလေးမမွေးစားတာဖြစ်ပါတယ်။ နောက် ကျမကလေးမွေးတယ်ဆိုတာ မိသားစု အရိပ်အမြုံအတွက် မွေးတာတာဖြစ်ပါတယ်။ ငါအသက်ကြီးလာရင် ငါ့ကို ပြန်ကြည့်ဖို့ဆိုပြီးတော့ အသက်အာမခံသဘောမျိုး ကလေးမွေးတာကို ကျမလက်မခံပါဘူး။ ဒါ့ကြောင့် ကျမကြီးလာရင် ပြန်ကြည့်ဖို့ဆိုပြီး ကလေးမွေးစားမှာ မဟုတ်ပါဘူး။
ဒါ့ကြောင့် ကျမကို ကလေးမမွေးစားဘူးလားဆိုပြီးတော့ အပိုဆာဒါးတွေ မမေးပါနှင့်တော့။

Comments

Popular posts from this blog

ငါမျက်ရည်ကျနေပါတယ်။ ဒါပေမယ့်ငါအားမငယ်ပါဘူး။

Surrender a greatest passion

Forgetting somebody