ဘဝမှာအသာနေရင် အသေနာတယ်တဲ့။ အဲ့ဒီတော့ အသေမနာအောင်

ဘဝမှာ အသာနေရင် အသေနာတတ်တယ်တဲ့။ ဖတ်ဖူးတဲ့စာစုလေးတစ်ခုပါ။

ကိုယ့်ဘဝမှာ သွန်သင်ဆုံးမခံဖူးတာကတော့ ၉ တန်းမတက်ခင် အင်္ဂလိပ်စာကျူရှင်ကို ကျမက အဖီး (အဘွား) လို့ခေါ်တဲ့ တောင်ငူ အထက (၅) ကျောင်းအုပ်ဆရာမဟောင်းကြီးဆီမှာတက်တုန်းကပါပဲ။ အသာနေခဲ့တဲ့စိတ်ဓါတ်တွေကို အဖီးရဲ့ ဆုံးမစကားတွေက ပြောင်းလဲပေးခဲ့တယ်။ နင်တို့တွေ သံချေးတက်နေပြီနော်။ ဓါးဆိုတာ သုံးမှ သွေးနေမှ ထက်တာ။ ကရင်တွေ ကွမ်းယာစား အရက်သောက်ယုံဆိုရင်တော့ မရဘူးနော်။ စာအုပ်ကိုချစ်ပါ။ စာကိုဖတ်ပါ။ ဒီဆုံးမသွန်သင်တာတွေဟာ အဲ့ဒီအချိန်က ပျင်းစရာအရမ်းကောင်းပါတယ်။

အဖီးဟာမနက်ဆိုရင် မနက် ၄ နာရီဆို စာထဖတ်လေ့ရှိပါတယ်။ အသက် ၈၀ လောက်ရှိတဲ့သူတစ်ယောက်ဟာ အဲ့ဒီအချိန်စာထဖတ်ဖို့ လိုပါသလား။ နောက် ပုံမှန် အဘိဓါန်မှာရှိတဲ့ စာလုံးတွေအားလုံးကိုလည်း ဖတ်တယ်မှတ်တယ်တဲ့။ ကျမတို့ အတွက်ကတော့ အဘိဓါန်ဆိုတာ ကိုယ် မသိတဲ့စကားလုံးရှိမှသာလျင် ဖွင့်ကြည့်ရတဲ့စာအုပ်တစ်အုပ်ရယ်လို ယူဆထားတာပါ။ အဲ့တုန်းက မနက် ၄ နာရီလည်း တစ်ခါမှ ၁၀ တန်းအောင်ပြီးသည်အထိ စာထမကျက်ဖူးပါ။ ၆ နာရီ ကျူရှင်တွေတောင်မှ အရမ်းတွေစောလို့ မတက်ပါ။

ဒါပေမယ့် အဖီးရဲ့ဆုံးမစကားတွေကြောင့် ပညာရှာရင် စာအုပ်တွေမှာရှာရတယ်ဆိုတာ နားလည်လာခဲ့တယ်။ ငယ်ငယ်က စာအုပ်တွေ ဖတ်တဲ့အကျင့်ရှိတော့ သိပ်အခက်အခဲကြီးတော့ မဖြစ်ခဲ့ပါဘူး။ ၉၈ - ၉၉ ကာလဟာအခု လိုမျိုး search engines တွေမရှိပါဘူး။ တစ်ခုခုသိချင်ရင် မှတ်စုစာအုပ်နဲ့မှတ်ထား၊ စာကြည့်တိုက်ကိုသွား စွယ်စုံကြမ်းတွေကိုလှန်လော ရှာရပါတယ်။ ကျမအတွက် အဲ့ဒီတုန်းက reference section က Britannica တွေက အရမ်းကို အသိဉာဏ်ပေးတဲ့ စာအုပ်တွေပါ။

ကျမတို့ဟာ ကနေ့ သတင်းအချက်အလက်စီးဆင်းမှုလျင်မြန်တဲ့ ခေတ်မှာ ကြီးပြင်းကြရတာ သိပ်ကို ကံကောင်းပါတယ်။ တစ်ခုခုသိချင်ရင် ရှာဖွေရလွယ်ပါတယ်။ အရင်က အကြောင်းအရာ တစ်ခုကို သိချင်ရင် စာအုပ် ၄ အုပ်လောက်ကို နောက်က glossary ကနေ လှည့်ဖတ်ပြီးတော့ အဲ့ဒီအကြောင်းအရာကို ရှာရဖတ်ရပါတယ်။ ဒါပေမယ့် အခုခေတ်မှာ အရမ်းလျင်မြန်သွားပါပြီ။ ကျမအတွက်တော့ ၂၀၁၀ ခုနှစ်အထိ ကွန်ပြူတာကနေ yahoo တို့ ask တို့ကို သုံးပြီး အချက်အလက်တွေရှာရဆဲပါ။ ကျမရဲ့ ပထမဆုံး ကိုယ်ပိုင်လက်ကိုင်ကွန်ပြူတာကို ၂၀၀၈ ခုနှစ် အကုန်ပိုင်းမှာမှ ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ တစ်ခုခုကို ရှာချင်ရင် ကျမတို့ ဖုန်းတွေကနေ ရှာလို့ရနေပါပြီ။

ဒီလို နည်းပညာရဲ့ အားသာချက်ကို သုံးပြီး ကျမတို့ဟာ ပိုတိုးတက်လာရမည့်အစား လူမှုကွန်ယက်တွေမှာ အချိန်ဖြုန်းနေတာဟာ ဝမ်းနည်းစရာဖြစ်ပါတယ်။ ကျမတို့ မိဘတွေ အရင်တုန်းကဆို ပြောလေ့ရှိပါတယ်။ အားရင် လက်ဖက်ရည်ဆိုင်ထိုင် အချိန်ဖြုန်းနေတော့တာပဲ။ ဒါပေမယ့် ဒီအချိန်မှာ လက်ဖက်ရည်ဆိုင် တကူးတကသွားထိုင်စရာမလိုဘဲ ဖုန်းတစ်လုံးနဲ့ အချိန်တင်မက ဘေလ် (ငွေ) ပါဖြုန်းနေနိုင်တဲ့ အခြေရောက်လာပါတယ်။ ကျမတို့ သတိပြုမိပြီး ကိုယ့်ကိုယ်ကိုယ် ထိန်းကျောင်းနိုင်တာမျိုး မရှိရင် မလွယ်ပါဘူး။

နောက်တစ်ခါ အလုပ်ခွင်ကို ရောက်တဲ့ အခါ အများစုဟာ အလုပ်ရပြီဟေ့ဆိုပြီးတော့ မရှုပ်မလှုပ်မပြုတ် မူဝါဒကို ကိုင်စွဲပြီး သင်ယူရမယ့်အရာတွေကို သင်ယူခြင်းမရှိ ရပ်ပစ်လိုက်ပါတယ်။ ဒါဟာ သိပ်ကိုမှားပါတယ်။ တကယ်တော့ ဒီခေတ်ကြီးမှာ ကျမတို့ဟာ စဉ်ဆက်မပြတ်သင်ယူရမှာဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် ကျမဟာ email ရေးတဲ့ခေတ်မှာ ကြီးပြင်းလာသူဖြစ်ပါတယ်။ email နဲ့စာပို့မှာသာ အလုပ်ဖြစ်တယ်လို့ထင်တဲ့သူဖြစ်ပါတယ်။ အဲ့ဒီတော့ ကြုံတုန်းပြောချင်တာက အစိုးရရုံးများက အမြန်ချောပို့နဲ့ ပို့ပေးပါတို့ fax ထိုးပေးဦး ညီမတို့ ဆိုတဲ့သူတွေကို ကျမတို့ အပြစ်တင်လို့မရပါဘူး။ သူတို့ ကြီးပြင်းကျင်လည်လာတဲ့ပတ်ဝန်းကျင်ဟာ အမြန်ချောပို့ရယ် fax ရယ် ခေတ်ဖြစ်ပါတယ်။ သို့သော် ကျမတို့ အဲ့နားရပ်နေလို့ မရပါဘူး။ သင်ယူရပါမယ်။ ကျမမနေနဲ့ ဆိုရင် Instant messeaging တွေဖြစ်တဲ့ messenger, skype, slack အစရှိတာတွေရော ဖုန်းနဲ့ အလုပ်ဖြစ်တဲ့ viber, whatsapp, line, wechat အစရှိတာတွေရော ခေတ်နဲ့ညီအောင် ကြိုးစားလေ့လာပါတယ်။ ဘယ်နိုင်ငံကတော့ဖြင့် ဘယ်ဟာကို အသုံးများတဲ့အတွက် အဲ့ဒီနိုင်ငံကလူတွေနဲ့စီးပွားလုပ်မယ်ဆို ဘယ် apps တွေမှာရှိနေရမယ်ဆိုတာမျုးိလေ့လာရပါတယ်။

ကျမတို့အနေနဲ့ ဝန်ထမ်းရေးရာမှာ အလုပ်ရတယ်။ ဝန်ထမ်းရေးရာနဲ့ဆိုင်တဲ့ ကိစ္စရပ်တစ်ခုတည်း တတ်ကျွမ်းလို့မရပါဘူး။ ဆက်စပ်ဖြစ်တဲ့ အလုပ်သမားဥပဒေတွေ၊ ဘယ်ကဏ္ဍမှာဘာကိုဘယ်လို ဆောင်ရွက်နေတယ်ဆိုတဲ့ကိစ္စတွေ ဘယ်စက်ရုံ ဘယ်ဌာနမှာ ဘာ့ကြောင့် ဘာတွေဖြစ်နေတယ်ဆိုတာတွေ မျက်ခြေမပြတ်ရှိနေရမယ့်အပြင် အခု ဝန်ထမ်းရေးရာမှာလုပ်တယ် နောက်နှစ် R & D ကိုပြောင်းရမယ်ဆိုရင် အဲ့ဒီအတွက် အသင့်ဖြစ်လား၊ ဘာတွေပြင်ဆင်ထားပြီးပြီလဲ။ အဲ့ကမှတဆင့် ရာထူးတို့ပြီးငွေစာရင်းတွေပါကြီးကြပ်ရမယ်ဆိုရင် ဘာတွေတတ်ပြီးပြီလဲ မတတ်ရင် တတ်အောင်လေ့လာဖို့ ကျမတို့တာဝန်ဖြစ်ပါတယ်။

ကျမလေ့လာမိသလောက်တော့ လူတွေဟာ ရုံးကို မနက်စောစောသွားပြီး တစ်နေ့တာအလုပ်တွေကို လုပ်နိုင်ရင်ပဲ ဘဝမှာ အရမ်းတာဝန်ကျေနေပြီလို့ ခံစားနေကြတာကို ဝမ်းနည်းစွာ ဂရုပြုမိပါတယ်။ ကျမကိုယ်ချင်းတော့စာပါတယ်။ အလုပ်သမားတွေဖြစ်လို့ တစ်ရက် ၈ နာရီပဲ အလုပ်လုပ်နိုင်တယ်။ အဲ့ဒီထက်ပိုလာရင် ဇက်ကြောတက်တာတွေ၊ မှားတာတွေဖြစ်လာတာ ကျမကိုယ်တိုင် အလုပ်သမားတစ်ယောက်ဖြစ်လို့သဘောပေါက်ပါတယ်။ ဒါပေမယ့် ကျမတို့အတွက်ကို ကျမတို့ဘာလုပ်ပြီးပြီလဲ အချိန်မရဘူးဆိုရင် အချိန်ရှာပြီး ကိုယ့်တိုးတက်မှုအတွက် ကိုယ်ဘာလုပ်ပြီးပြီလဲ စဉ်းစားရမှာဖြစ်ပါတယ်။

လူတိုင်း အလုပ်မှာ နှစ်ကုန်ရင်ဖြစ်ဖြစ် သူများရာထူးတွေတိုး လစာတွေတိုးရင်ဖြစ်ဖြစ် ကိုယ်လဲ တစ်ခုခုတော့ တိုးချင်ကြပါတယ်။ လစာရာထူ တိုးချင်တယ်ဆိုရင် ကိုယ့်ဘက်ကကော ဒီနှစ် ဘာတွေတိုးလာပြီလဲ၊ ဘယ်လို အတတ်ပညာတွေ တိုးပြီး သိနားလည်လာ ဆောင်ရွက်လာနိုင်ပြီလဲ စဉ်းစားရမှာပါ။

အဲ့လိုစဉ်းစားမိပြန်တော့ ကျမတို့ မြန်မာလူမျိုးဟာ မိမိကိုယ်ကို တိုးတက်ဖို့ရန်အလို့ဌာ သင်တန်းတွေ ရှာဖွေတက်ပါတော့တယ်။ ဒါပေမယ့် အဲ့လိုသင်တန်းတွေတက်ပြန်တော့လည်း ဆရာပြောသလောက်ကိုသာ နားထောင်ပြီး မိမိကိုယ်တိုင်က စာတစ်လုံးတစ်ပါဒမျှ အပိုမဖတ်တဲ့လူတွေရှိပါတယ်။ အဲ့ဒီတော့ တကယ်တန်း ကြိုးစားသူနဲ့ ယှဉ်လိုက်တဲ့အခါ အောင်လက်မှတ်ချင်း အမှတ်ချင်းတူနိုင်ပေမယ့် အသိပညာအတတ်ပညာချင်းကတော့ ကွာသွားပါလိမ့်မယ်။

ဘွဲ့ရပြီး အသက်တွေကြီးနေပေမယ့် ကိုယ်သင်တန်းတက်တဲ့အခါ ကိုယ့်အတွက် ဘာအကျိုးအမြတ်ရမယ်ဆိုတာ မစဉ်းစားဘဲ ရုံးက အစ်မကြီးပြောလို့တို့၊ သူငယ်ချင်းတွေနဲ့ အတူတက်ရတာမို့တို့၊ ဆရာမက ကျမနဲ့တိုင်းရင်းသားချင်း ဘာသာချင်းတူတူပဲမို့ ဆိုတဲ့ အရမ်းရီစရာကောင်းတဲ့ အကြောင်းအရာတွေနဲ့သင်တန်းတက်ကြတာကိုလည်း ဝမ်းနည်းစွာသိရပါတယ်။ တကယ်တော့သေချာပြန်စဉ်းစားကြည့်ရင် ကျမတို့သေတဲ့အခါ ရုံးက အစ်မကြီးကသေပါ မပြောပါဘူး။ သူငယ်ချင်းတွေနဲ့လည်းအတူသေလို့မရသလို၊ တိုင်းရင်းသားချင်း ဘာသာတူချင်းပဲမို့လဲ လိုက်မသေဘူးဆိုတာပါပဲ။

ဒီတော့ ဒီခေတ်ကြီးမှာ မနက် ၄ နာရီ အဘိဓါန်တွေလှန်နေစရာမလိုသလို၊ စွယ်စုံကျမ်းတွေ တစ်အုပ်ချင်း ရှာနေစရာမလိုတော့ပါဘူး။ ဒါပေမယ့် ဉာဏ်ကိုလွှာပြီး သုံးရဦးမယ် ကြိုးစားရဦးမယ် အိပ်ရေးမဝတဲ့ ညတွေကို ဖြတ်သန်းရဦးမှာပါ။ ဒီတော့ စဉ်ဆက်မပြတ်လေ့လာပြီး အမြဲတမ်းကိုယ့်ကိုယ်ကိုယ် ဓါးတစ်စင်းလို ထက်အောင် ကြိုးစားရင်းနဲ့ သူများရာထူး/လစာ တိုးတိုး မတိုးတိုး ကိုယ်က တိုးရတဲ့အခွင့်ကို ထိုက်ထိုက်တန်တန်နဲ့ ရွေးချယ်ပြီး ဖလှယ်ယူလိုက်ပါ။

ချစ်လွန်းလှသောသူ့အတွက်

(တကယ်တော့ ဒီအချိန်ဟာ ကျမ သင်ရိုးတစ်ခုအပြီးဆွဲရမှာပါ။ ဒါပေမယ့် ကျမခံစားရလွန်းလို့ ချရေးလိုက်တာပါ။)

Comments

Popular posts from this blog

ငါမျက်ရည်ကျနေပါတယ်။ ဒါပေမယ့်ငါအားမငယ်ပါဘူး။

Surrender a greatest passion

Forgetting somebody